ပခုက္ကူ ရေဘေးဒုက္ခသည်များအတွက် လူသုံး၊ အိမ်သုံးပစ္စည်းများ အကူအညီ လိုအပ်နေ


ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်း အချို့တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစန်းများ၌ ရေဘေးဒုက္ခသည် ၁၇၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် အမိုး၊ အကာ၊ ဒန်အိုး၊ ဒန်ခွက် စသော အိမ်သုံးပစ္စည်းများ ကူညီသင့်ကြောင်း ဒေသခံများက ပြောသည်။

 

အိုးမဲ့အိမ်မဲ့ဖြစ်သွားသော အိမ်ထောင်စု ၃၀၀ ကျော်မှ လူဦးရေ ၁၇၀၀ အတွက် အစိုးရနှင့် အဖွဲ့အစည်းများ စတင် ကူညီနေသော်လည်း လူထုကပါ ပါဝင်လှူဒါန်းလျှင် ပိုမို အဆင်ပြေနိုင်ကြောင်း မြို့ခံများက ပြောသည်။ အပူပိုင်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာ ၁၉ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းပြီး ပခုက္ကူမြို့ရှိ ရွှေချောင်းမှာ အောက်တိုဘာ ၂၀ ရက် နံနက် အစောက ရေလုံးပြည့် စီးဆင်းသဖြင့် ချောင်းစပ်မှ နေအိမ်များနှင့် လူပေါင်းများစွာ ရေထဲ မျောပါခဲ့သည်။ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ရွှေချောင်းအတွင်း မျောပါသွားသူများထဲမှ ၅၆ လောင်း တွေ့ရှိ ဆယ်ယူနိုင်ကြောင်း ပြောသည်။ သို့သော် ဧရာဝတီမြစ်အတွင်း မျောပါလာသော အသက် မသေသေးသော လူများနှင့် ရုပ်အလောင်းများ ကူညီကယ်ဆယ် ဆယ်ယူနေသူ တစ်ဦးက အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီခွဲ အချိန်ထိ ၁၄၇ လောင်း ဆယ်ယူပြီး ဖြစ်သည်ဟု ပြောသည်။ သေဆုံးသူ အများစုမှာ ရွှေချောင်းအနီးနှင့် ချောင်းအတွင်း နေအိမ်ဆောက် နေထိုင်သူများ ဖြစ်သည်။

“လောလောဆယ် အသက် သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၅၆ လောင်းကို ဆယ်ယူထားပြီးပြီ။ လေသာကျောင်းမှာ အိမ်ခြေ ၅၆ စု၊ လူဦးရေ ၂၆၁ ဦး ရှိတယ်။ တိလောကရာမ ကျောင်းတိုက်မှာ လူဦးရေ ၃၂၇ ဦး ဒုက္ခသည်အဖြစ် ကူညီထားတယ်။ ကယ်ဆယ်ရေးစခန်း သုံးခုစလုံးမှာ နောက်ထပ် လူတွေ ထပ်ရောက်လာတာများတော့ ရေဘေးဒုက္ခသည်စာရင်း အတိအကျ မပြောနိုင်သေးဘူး” ဟု ပခုက္ကူမြို့ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“မနေ့က မနက် ၁၁ နာရီခွဲအထိ ဧရာဝတီမြစ်ထဲက ဆယ်ယူလို့ရတဲ့ ရုပ်အလောင်း ၁၄၇ ဦးရှိပြီ။ ဒီနေ့မနက် ရုပ်အလောင်း ၂၀၀ ကျော် ဆယ်ယူထားတယ်လို့ ကြားတယ်။ ပခုက္ကူနဲ့ မြိုင်အကြား ရွှေချောင်းတစ်လျှောက် ဆည်တမံတွေက တစ်ဆင့် ရေရှိန်ပြင်းပြင်း စီးဆင်းခဲ့တာဆိုတော့ ပခုက္ကူမြို့ပေါ် အနီးတစ်ဝိုက်သာ မကဘူး၊ ချောင်းရိုးအထက်ပိုင်းက ရွာတွေမှာလည်း နေအိမ်တွေ ပြိုပြီး လူတွေ မျောပါလာတာလည်း ရှိတယ်။ ရွှေချောင်းအတွင်း ရေအရှိန်ပြင်းပြင်း စီးဆင်းခဲ့တဲ့အတွက် ဧရာဝတီ မြစ်အတွင်းမှာ ရုပ်အလောင်းတွေ အများဆုံး ဆယ်ယူခဲ့ရတယ်” ဟု ဧရာဝတီမြစ်အတွင်း လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးက အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

“ချောင်းရေကျချိန်က မနက် ၄ နာရီ အချိန်လောက်ပါ။ မိုးကလည်း သည်းနေတာဆိုတော့ လူတွေ အိပ်ကောင်းတဲ့ အချိန်မှာ ကြုံခဲ့ရတာ။ အရင်တုန်းက ဒီလို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။ ရွှေချောင်းတံတား အနောက်ဘက် စက်သုံးဆီ ရောင်းတဲ့ဆိုင်က တစ်မိသားစုလုံး ငါးဦးရေထဲ မျောပါခဲ့တယ်။ ကယ်ဆယ်ရေးစခန်းမှာ ရောက်တဲ့သူတွေကလည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ဘယ်သူဘယ်ဝါ သေတယ်ဆိုတာ မသိသေးဘူး။ ကိုယ့်မိသားစုထဲက ပျောက်နေတဲ့သူဆို ပြန်လာမယ် အထင်နဲ့ စောင့်နေကြတယ်” ဟု ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်နေ ချောင်းရေအတွင်း မျောပါ လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

ရွှေချောင်း ရေလျှံရခြင်း၏ အဓိက အကြောင်းအရင်းမှာ ပခုက္ကူနှင့် မြိုင်ကြားရှိ ညောင်ညိုတော၊ တင်းပေါင်းကန်၊ သစ်ကြီးတော၊ မျှောပင်၊ ဂဠုန်တော၊ ကျောက်တိုင်ဆည်တို့မှ ဆည်ရေ လွှတ်ခဲ့ခြင်းနှင့် မန်ကျည်းစုဆည် ကျိုးခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တောင်ကျရေများ တစ်ဟုန်ထိုး စီးဆင်းခြင်းမှာလည်း အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ချောင်းရေနဲ့အတူ မျောပါခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်လာသူများနှင့် နေအိမ်များ မျောပါသွားသူများအတွက် ပခုက္ကူမြို့ပေါ်ရှိ တိလောကရာမကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာကျောင်းတိုက်၊ လေသာကျောင်းတိုက် (မတ်တစ်ထောင်ကျောင်း) တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည်။

ထို စခန်းသုံးခုတွင် အိမ်ထောင်စု ၃၂၀ ကျော်၊ ရေဘေးဒုက္ခသည် ၁၇၀၀ ကျော် စောင့်ရှောက်ထားသည်။ ရေဘေး ဒုက္ခသည်များကို ပခုက္ကူမြို့ခံများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများက အစားအသောက် အဝတ်အထည်နှင့် လူသုံးကုန် စသည်တို့ကို လှူဒါန်းလျက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နေအိမ်မရှိသူ များသည့်အတွက် အမိုး၊ အကာ၊ ဒန်အိုး၊ ဒန်ခွက်စသော အိမ်သုံးပစ္စည်းများ လှူဒါန်းသင့်ကြောင်း မြို့ခံအချို့က ပြောသည်။ မိုးသည်းထန် ရွာသွန်းမှုများကြောင့် ပခုက္ကူ မြို့မရပ်ကွက်များနှင့် ပခုက္ကူ မြို့သစ်ရပ်ကွက် (ကျွဲတဲကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာ) အကြား ဆက်သွယ်ပေါင်းကူးထားသည့် ရွှေချောင်းတံတားကြီးသည် အောက်တိုဘာလ ၂၀ ရက် နံနက် ၇ နာရီ အချိန်တွင် ချောင်းရေနှင့်အတူ မျောပါ ပျက်စီးခဲ့သည်။

ယခုအခါ ပခုက္ကူ လေယာဉ်ကွင်းဟောင်းနှင့် ပခုက္ကူ အမှတ် ၃ ရပ်ကွက်အား ရွှေချောင်းအတွင်း မြေသားလမ်းအဖြစ် ယာယီဖောက်လုပ်ခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာနိုင်ပြီ ဖြစ်သည်။ အဆိုပါ ချောင်းရေမှာ မြို့တွင်းရှိ လမ်းများပေါ်အထိ စီးဆင်းခဲ့၍ ပခုက္ကူမြို့လယ် လမ်းမများမှာ သဲများ ဖုံးလွှမ်းလျက် ရှိသည်။ “ရွှေချောင်း အထက်ပိုင်းမှာ ဆည်တွေ ဆောက်ပြီးကတည်းက ချောင်းရေက လာတော့လာတယ် နည်းတယ်။ ချောင်းကောသွားတဲ့ နောက်ပိုင်း ကျေးရွာတွေ၊ အိမ်တွေက ချောင်းကမ်းစပ် သဲသောင်ခုံ (သက်ရင့်သောင်)တွေမှာ တိုးချဲ့ နေထိုင်လာကြတယ်။ ဆယ်နှစ်၊ ဆယ်ငါးနှစ်အထိ ချောင်းကမ်းဘေးမှာ နေထိုင်တဲ့သူတွေလည်း ရှိတယ်။ ဆည်တမံတွေက မိုးအားကြီးလို့ ရေလွှတ်တော့ ချောင်းကမ်းစပ်မှာ ကျူးကျော်တဲတွေ အများဆုံး ရေထဲ မျောပါပြီး အသက်ဆုံးရှုံးကြတာ ဖြစ်တယ်” ဟု အသက် ၇၀ ကျော် ပခုက္ကူမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထပ်မံရရှိသော သတင်းများအရ အောက်တိုဘာ ၂၃ ရက်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အစိုးရတာဝန်ရှိသူများ ပခုက္ကူမြို့သို့ သွားရောက်ပြီး ရေဘေးသင့်သူများကို အစိုးရမှ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သည်။ ထို့အပြင် ပခုက္ကူ ခရိုင်အတွင်း တရားဝင်စာရင်းအရ သေဆုံးသူ ၁၀၆ ဦး အတွက်လည်း အလှူငွေများ ပေးခဲ့သည်။ ရေဘေးသင့် ဒုက္ခသည် ၂၀၀၀ ကျော်ကို ပခုက္ကူ တက္ကသိုလ်နှင့် ချောက်ကန်ရွာကြား မြေနေရာတွင် နေအိမ်များ တည်ဆောက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးစခန်း သုံးခုမှ ရေဘေးဒုက္ခသည်များမှာ အကူအညီများ ရသော်လည်း ရွှေညောင်ရိပ်သာ၊ သာစည်ရိပ်သာ၊ ဓမ္မပါလ ရိပ်သာတို့ရှိ အိမ်ထောင်စု ၃၂ စုမှ ရေဘေးသင့်သူ ၁၅၀ ကျော်မှာ အကူအညီများ မရရှိပေ။ ၎င်းတို့မှာ နီးစပ်ရာ ရိပ်သာများတွင် နေထိုင်ခဲ့ခြင်းကြောင်း ဒုက္ခသည်စာရင်း မဝင်သည့်အတွက် အကူအညီအများစု မရရှိဘဲ ဒုက္ခသည်စခန်းမှ တစ်ဆင့်ပေးသော အစားအသောက်များသာ ရရှိကြောင်း မြို့ခံများက ပြောသည်။

ရွှေချောင်းရေလျှံသည့် ညက ပခုက္ကူမြို့မှ တာဝန်ရှိသူများက ဆည်ရေလွှတ်သဖြင့် ရေလျှံနိုင်၍ ရွှေ့ပြောင်းရန် အောက်တိုဘာ ၂၀ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ဟု ဆိုသည်။ သို့သော် ချောင်းအတွင်းနှင့် ချောင်းစပ်တွင် နေထိုင်သူ အများစုမှာ မိုးသည်းထန်စွာ ရွာနေခြင်းနှင့် အိပ်ပျော်နေခြင်းတို့ကြောင့် မကြားလိုက်ကြပေ။ ဒေသခံများကလည်း ယခု ဖြစ်စဉ်တွင် သက်ဆိုင်ရာက မုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်နိုင်ကြောင်း သတိပေးသော်လည်း မည်သည့်မြို့၊ မည်သည့်ဒေသများတွင် ပိုမိုသတိထားရန်လိုသည်ဟု မကြေညာနိုင်ခဲ့၍ နောင်တွင် မိုးလေဝသ သတင်းများကို အသေးစိတ် ထုတ်ပြန်ပေးစေလိုကြောင်း ပြောသည်။

အဆိုပါမိုးကြောင့် မုံရွာ-ချောင်းဦး-ပခုက္ကူ လမ်းပိုင်းရှိ ဆင်ဖြူရှင်တံတား ပခုက္ကူလမ်းတွင် အောက်တိုဘာလ ၁၉ ရက်တွင် သည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် လမ်းမကြီးများပေါ်၌ ချောင်းရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပခန်းကြီးကျေးရွာနှင့် ဆင်ချောင်း ကျေးရွာအနီး လမ်းရေကျော်သည့် နေရာများတွင် လမ်းမကြီးအထက် လေးပေခန့်အထိ ချောင်းရေများ မြင့်တက်ခဲ့သည်။ အဆိုပါ ချောင်းရေကျော် နေရာများတွင် ဆိုင်ကယ်နှင့်ကားများ သွားလာရန် အခက်ကြုံတွေ့ခဲ့ရသည်။ ပခုက္ကူ-ညောင်ပင်ကြီး-ချင်းတွင်းတံတား (မုံရွာ) လမ်းပိုင်း ဖြစ်သော မုံရွာ-ပုသိမ် လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၀ ရက်တွင် ချောင်းရေ တိုက်စားမှုကြောင့် လမ်းနေရာအချို့ ရေလျှံခြင်း၊ ရေတိုက်စား၍ ပျက်စီးခြင်း၊ မြောက်ယမားချောင်းတံတား ရေပြာချောင်းကူး တံတားတို့တွင် ချောင်းရေတိုက်စားမှုကြောင့် မုံရွာ-ပုသိမ်လမ်းပိုင်း အတွင်း မော်တော်ယာဉ်များ သွားလာခြင်းကို တားမြစ်ထားကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင်လည်း အဆိုပါ ရက်ပိုင်းအတွင်း ကျေးရွာတွင်း ချောင်းရေ ရုတ်တရက် လျှံသဖြင့် အောက်တိုဘာ ၁၉ ရက် နှင့် ၂၀ ရက် မွန်းလွဲပိုင်းအထိ ချောင်းရေများထဲမှ ဖြတ်သန်း သွားလာခဲ့ရသည်။ ချောင်းရေသည် လမ်းမကြီးအထက် လေးပေခန့်အထိ မြင့်တက်ခဲ့သဖြင့် ဆိုင်ကယ်များ၊ ကားများ ဒေသခံများ အကူအညီဖြင့် သွားလာခဲ့ရသည်ဟု ဆိုသည်။ မုံရွာမြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနီးပတ်ဝန်းကျင် ဆည်တမံများဖြစ်သော ကျောက္ကာဆည်၊ သာစည်ဆည်၊ ဗောဓိတစ်ထောင်ဆည်၊ နွယ်ခွေဆည် စသည့် ဆည်များမှ ချောင်းရေများ လျှံကျသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ ချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

“ကျောက္ကာ ဆည်ရေကြောင့် ကိုင်းတော၊ သက္ကယ်ချင်း၊ ပလ္လင်၊ အောင်သာ၊ လယ်ဇင်၊ ရွာထောင်၊ မုံရွာစက်မှုဇုန်၊ ဆားကျင်း၊ မအူ၊ ထနောင်းတော၊ မြေနဲ စသည့် ကျေးရွာတွေမှာ နေအိမ်တွေရော စိုက်ခင်းတွေပါ ရေလွှမ်းသွားတယ်။ သာစည်ဆည်ကြောင့် သမန္တာ၊ ကျွဲရဲ၊ တောင်ပလူ၊ ခိုးသန်း နေအိမ်တွေနဲ့ စိုက်ခင်းတွေ ရေလွှမ်းသွားသလို ငါးမွေးကန်တွေလည်း ကန်ရေလျှံသွားတယ်။ မုံရွာ-အလုံလမ်းပိုင်းမှာလည်း ချောင်းရေတွေ လျှံသွားတယ်။ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ညောင်ပင်ဇောက်၊ နန္ဒဝန်၊ မြဝတီ၊ သလ္လာ မြို့သစ်၊ ဇလုပ်၊ အင်းရွာသစ်၊ ထန်းတော စတဲ့ ရပ်ကွက်တွေမှာလည်း ချောင်းရေတွေဝင်လို့ ရေလွတ်ရာ ပြောင်းရွှေ့နေရတယ်” ဟု မုံရွာမြို့ ဒေသခံတစ်ဦးက ပြောသည်။

ချောင်းဦးမြို့ပေါ် ရပ်ကွက်များအတွင်း နွယ်ခွေချောင်းရေများ ဝင်ရောက်ခဲ့သဖြင့် နေအိမ်အချို့ ချောင်းရေ လွှမ်းခဲ့ရသည်။ ပုလဲမြို့နယ်အတွင်း မြို့ဦး၊ ရွှေဥဒေါင်း၊ ရွှေညို၊ ထန်းတပင်၊ ပါရမီ စသော ရပ်ကွက်များတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၁၇၈ လုံး၊ လူဦးရေ ၆၈၈ ဦးအား သက်ဆိုင်ရာမှ ကူညီစောင့်ရှောက်ထားကြောင်း သိရှိရသည်။ ပုလဲမြို့နယ်အတွင်း ကျေးရွာအချို့တွင်လည်း ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရပြီး ရေလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့ နေထိုင်သူများရှိခဲ့သည်။ ရုတ်တရက် ရေကြီးမှုကြောင့် ယင်းမာပင် မြို့နယ်တွင်လည်း အလောင်းတော် ကဿပ တောင်ခြေ စားသောက်စခန်းဖြစ်သော ကပိုင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး၊ က/သီးကုန်းကျေးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး ကျေးရွာနှစ်ရွာမှ စုစုပေါင်း လေးဦး ချောင်းရေနှင့်အတူ မျောပါ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက် နှင့် ၂၀ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းမာပင်မြို့နယ်အတွင်း လမ်းများ ချောင်းရေကျော်မှုများ ကြုံတွေ့ခဲ့ရပြီး ချောင်းရေကြောင်း လမ်းအချို့ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇန်ဝါရီလအတွင်း ဖွင့်လှစ်ခဲ့သော ယင်းမာပင်-ရွာထောင် လမ်းပိုင်ရှိ ရွာထောင်တံတားကြီး တံတားတိုင် တစ်တိုင်နှင့် တံတားကြမ်းခင်းအချို့ ပျက်စီးခဲ့သည်။ ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သော ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် ချိတ်ဆက် ဖောက်လုပ်ထားသော မြောက်ယမား ချောင်းကူးတံတား (သံကူကွန်ကရစ် တံတား)ကြီးသည် ယခုနှစ် အောက်တိုဘာလအတွင်း မိုးသည်းထန်မှုကြောင့် ချောင်းရေနှင့်အတူ တံတားချဉ်းကပ်လမ်း မြေသားများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

၂၀၀၉ ခုနှစ်အတွင်း မြောက်ယမားချောင်းကူး သံကူကွန်ကရစ် တံတားကြီး ဖွင့်လှစ်ပြီး တစ်လခန့်အကြာ မြောက်ယမား ချောင်းကူးကြိုးတံတား (ဘေလီတံတား) မြောက်ယမား ချောင်းရေနှင့်အတူ မျောပါ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အတွင်း မိုးစပါးစိုက်ခင်းများတွင် ကောက်နှံထည့်စ (ဖုံးတုံးလုံးတုံး) အချိန်တွင် မိုးသည်းထန်မှုကြောင့် ဆည်ရေများ၊ ချောင်းရေများ စီးဆင်း၍ မိုးစပါး စိုက်ခင်းများ ရေလွှမ်းမိုးခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် နွေစပါး စိုက်ပျိုးချိန် ကာလအတွင်း ဇွန်၊ ဇူလိုင်လများ အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် နွေစပါးနှစ်ကြိမ် စိုက်ပျိုးခဲ့ရပြီး ယခု မိုးစပါးစိုက်ပျိုးချိန်တွင် ဒုတိယအကြိမ်မြောက် ရေလွှမ်းမိုးခံရကြောင်း သိရှိရသည်။ အဆိုပါ ဒေသများအတွင်း စပါးအများဆုံး စိုက်ပျိုးရာ ကျေးရွာများနှင့် ဖောက်လုပ်ထားသော လမ်းများ ရေကျော်နစ်မြုပ်ခဲ့သဖြင့် စပါးတင်ကားများ သွားလာရေး အခက်ကြုံတွေ့ခဲ့ရသည့် နောက်ပိုင်း ဆန်စပါးဈေးကွက်တွင် ဈေးမြင့်တက် ရောင်းချလာကြောင်း အဆိုပါ ဒေသခံ ဆန်စပါး ကုန်သည်များ၏ ပြောပြချက်အရ သိရှိရသည်။

Tags: ..Other
Source: The article first appeared on news.yatanarpon.com.mm
Submitted by:
tot_pi
1 fans
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
306 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service